Monday, February 9, 2015

" ဖြစ် ပျက် ဆိုတဲ့ အသိတရား "

" ဖြစ် ပျက် ဆိုတဲ့ အသိတရား "

ဖြစ်ပျက် ဆိုတဲ့ အသိတရား ဟာ တန်ဖိုးအင်မတန်ကြီးမားပါတယ်။ ဒီ စကားလေးကို ခပ်ပေါ့ပေါ့ ရယ်သွမ်းသွေးပြီး ပြောတာလေးကို ကြားမိပြီး အင်မတန်မှ စိတ်မချမ်းမသာ ဖြစ်မိလို့ပါ။ စကားကြမ်းလေးနဲ့ ပြောရရင် ပုထုဇဉ် အရိုင်းအစိုင်းတွေဟာ တရားကိုတရားမှန်းမသိ ဟာသနှောပြီး ပြောတတ်ကြတယ်။

ရယ်စရာလို့ ထင်တတ်ကြတယ်။ တရားသဖြင့် သော်၎င်း။ မတရားသဖြင့် သော်၎င်း ရထားတဲ့ စည်းစိမ်းချမ်းသာတွေနဲ့ သူတို့ကိုယ်သူတို့  အဟုတ်ထင်ပြီး တရားတော်ကိုပါ အထင်သေး အမြင်သေးစိတ်တွေ ထားတတ်ကြတယ်။ ကံအကြွင်းအကျန်လေးကို သုံးဆောင်ပြီး ချမ်းသာနေတာကို အဟုတ်မှတ်လို့  တရားဆိုတာ ငွေလောက်တန်ဖိုးမရှိဘူးလို့ တွေးချင်ကြတယ်။

တရားအကြောင်းရေးတာကိုလည်း ရယ်စရာ တစ်ခုလို့  ထင်မြင်နေတယ်။ တရားနဲ့စပ်ဆိုင်ပြီး ပြောဆိုတာကိုလည်း ဟာသတစ်ခုလို ပြုံးရယ်ပြီး ဥပေက္ခာ ပြုကြတယ်။ ဒါကြောင့်လည်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်နဲ့ တကွ အရိယာ သူတော်စင်တို့ ဟာ ပုထုဇဉ် အရိုင်း အစိုင်းတွေကို ဂရုဏာထားလို့  သနားတော်မူကြတာပါပဲ။

ဖြစ်ပြီးတော့ ပျက်သွားတာပဲ မလား ဆိုတဲ့စကားကို ရယ်သွမ်းသွေးပြီး ပြောတာကို ကြားလိုက်ရတဲ့ ခဏ တရားတော်ကို မထီလေးစား ပြောလေခြင်းလို့  အလိုမကျတဲ့စိတ်ဖြစ်မိပါတယ်။ တရားမသိတဲ့ အရိုင်းအစိုင်းပါလားလို့ သနားမိပါတယ်။ သူ့ရဲ့ မထင်မှတ်ပဲပြောလိုက်တဲ့စကားဟာ သူ့အပေါ်မှာ ဓမ္မရဲ့ အန္တရာယ် ဖြစ်စေတယ်ဆိုတာ သူမသိရှာဘူး။

ဖြစ်ပျက် ဆိုတာ ခန္ဓာမှာ တကယ်ဖြစ်ပြီး တကယ်ပျက်တာကို  တကယ် ဥာဏ်နဲ့ ဆင်ခြင်နိုင်ရင် တန်ဖိုးရှိတဲ့ အသိတရားဖြစ်ပါတယ်။ ပါးစပ်က ပြောရုံနဲ့ပြောပြီး ခန္ဓာမှာ ဘယ်ဟာ ဖြစ်လို့  ဘယ်ဟာ ပျက်မှန်းမသိရင် သူသိတဲ့ အသိဟာ အလကားအသိပဲ ဖြစ်နေပါတယ်။ ခန္ဓာမှာ ဖြစ်တာ ပျက်တာကိုသိမှ တန်ဖိုးရှိတဲ့ အသိဖြစ်မှာပါ။

ပုထုဇဉ် အရိုင်းအစိုင်းတွေဟာ ဖြစ်ပျက်ဆိုတဲ့ အသိကို ငွေနဲ့လဲလို့ရရင် သူများက ငွေပေးရင်တောင် လဲပစ်မယ့် သူတွေဖြစ်ပါတယ်။ တစ်ဆယ်ဆိုလည်း လဲမှာပဲ။ တစ်ရာဆိုလည်း လဲမှာပဲ။ တစ်သိန်းဆိုရင် ပိုလို့တောင် လဲမယ့်သူတွေပါ။

အရိယာ သူတော်ကောင်းတွေအတွက်ကတော့ ဖြစ်ပျက် ဆိုတဲ့ အသိတရားကို သိန်းတစ်ရာနဲ့လည်း မလဲပါဘူး။ သိန်းပေါင်း သောင်းဂဏန်းချီပြီးပေးလည်း လဲမှာမဟုတ်ပါဘူး။ ဘာဖြစ်လိုလဲဆိုတော့ ဖြစ်ပျက်ရဲ့ တန်ဖိုးက ငွေနဲ့လဲလို့ တန်ဖိုးဖြတ်လို့ မရနိုင်အောင် တန်ဖိုးကြီးမားတယ် ဆိုတာ အရိယာတွေပဲသိပါတယ်။

ခန္ဓာရဲ့ ဖြစ်ပျက်ကို ဥာဏ်နဲ့သိဖို့ရာမှာ ငွေနဲ့ဝယ်လို့မရနိုင်ဘူး။ မရေမတွက်နိုင်သော ငွေတွေ ပုံပေးပြီး ၀ယ်လည်း မရနိုင်ပါဘူး။ ငွေပေါင်းသိန်းပေါင်း သောင်းချီပြီး မရေမတွက်နိုင်သော ဒါနကို ပြုထားသူနဲ့ ခန္ဓာ ဖြစ်ပျက်ကိုမြင်ထားတဲ့သူဟာ နှိုင်းယှဉ်လို့ မရအောင်ကို တန်ဖိုးခြင်း ကွာခြားသွားပါတယ်။ စားစရာမရှိတဲ့ လူတစ်ယောက်ဖြစ်ပါစေ  ဖြစ်ပျက် တချက်မြင်တဲ့ပုဂ္ဂိုလ်ဟာ စကြာဝတေး မင်းထက်ကို မြင့်မြတ်ပါတယ်။

မရေမတွက်နိုင်သော ကုန်ကျမှူတွေနဲ့ ကုသိုလ်တွေ ဘယ်လောက်ပဲ လုပ်ထားလုပ်ထား သေခါနီးတဲ့အခါ ဝေဒနာခံစားရလို့ ဒေါသဖြစ်မယ်။ ဝေဒနာက သက်သာချင်လို့ လောဘဖြစ်မယ်။ ဘယ်လို ဝေဒနာမှန်းမသိ ခံစားနေရပါလားဆိုပြီး မောဟ၀င်မယ်။ အဲ့ဒီ ကိလေသာတွေနဲ့ ဇောတွေကပ်ပြီးသေရင် လောဘနဲ့သေ ပြိတ္တာပြည်။ ဒေါသနဲ့သေ တိရိစ္ဆာန်ပြည်။ မောဟနဲ့သေ ငရဲပြည်။ စသဖြင့် ရောက်ရလိမ့်မယ်။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဟောခဲ့သလို အရိယာသူတော်ကောင်း အပေါင်းတို့ကလည်း ဟောခဲ့ပြီးသား ဖြစ်ပါတယ်။ လူ အယောက် တစ်သိန်းသေလို့ လူတစ်ယောက် ပြန်မဖြစ်ဘူးတဲ့။ ဘုရားရှင် ကိုယ်တိုင်က ပြောတာကို မယုံဘူးဆိုရင်တော့လည်း ဘာမှပြောစရာ မရှိတော့ပါဘူး။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတာ အရှင်းကြီးပါ။ သေခါနီးမှာ ဝေဒနာခံစားရရင် ဖြစ်ပေါ်လာတဲ့ဝေဒနာကြောင့် လောဘ ဒေါသ မောဟတွေဝင်ပြီး သေကြလို့ပါပဲ။

အရိယာသူတော်ကောင်းတွေကတော့ လောဘ ၀င်ဝင် ဒေါသ ၀င်ဝင် မောဟ ၀င်ဝင်။ လောဘကို လောဘမှန်း သိတယ်။ ငါ သက်သာချင်တယ်လို့ မဖြစ်ဘူး။ သက်သာရင်တော့  ကောင်းမှာပဲလို့ တွေးတော့တွေးတယ်။ ငါ ဆိုတဲ့ ဒိဌိ မပါဘူး။ မသက်သာတဲ့ အတွက်ကြောင့်လည်း အကြောင်းကြောင့် အကျိုးပဲလေ လို့ တွေးတယ်။

ဝေဒနာ ဆိုးကြီးကိုခံစားနေရပါလားလို့ တွေးပြီး ငါ့ကျမှ ဖြစ်ရလေခြင်းလို့  မတွေးဘူး။ ငါ ဆိုတာ မပါဘူး။  ဒီဝေဒနာ တော်တော်ဆိုးပါလားလို့တွေးတော့တွေးမယ်။ ခန္ဓာရှိခြင်းကြောင့် ခန္ဓာရဲ့ အိုခြင်းသဘော နာခြင်းသဘောပါပဲလို့ တွေးတယ်။ အတွေးခြင်းကို မတူတာပါ။ ဒေါသကို ဒေါသမှန်းသိတယ်။ မောဟကို မောဟမှန်း သိတယ်။ ဒါ အောက်မဂ်နှစ်ပါးကို ရထားပြီးတဲ့ သောတာပန်နဲ့ သကဒါဂါမ် အရိယာတွေမှာ ဖြစ်နိုင်သေးတဲ့ သေခါနီး ကိလေသာတွေဖြစ်ပါတယ်။ အရိယာ ဖြစ်လေသောကြောင့် ငါ ဆိုတဲ့ ဒိဌိကို ပယ်သတ်ပြီး ဖြစ်တဲ့အတွက် အောက်သံသရာကို လည်ပတ်စရာ မရှိတော့ပါဘူး။

ပုထုဇဉ် အရိုင်းအစိုင်းတွေ အတွက်ကတော့ သိန်းပေါင်းမြောက်များစွာ မရေမတွက်နိုင်အောင် လှူဒါန်းပေးကမ်းသော်လည်း သေခါနီး ဝေဒနာ ခံစားတဲ့အခါ ငါ ဒါနတွေ အများကြီးပြုပါရဲ့နဲ့ ငါ့ကျမှ
ဘာလို့ ဒီလိုဖြစ်ရတာလဲ ဆိုတဲ့ အတွေးတွေ ၀င်တတ်ပါတယ်။ ဝေဒနာက လွတ်မြောက်ချင်တဲ့ လောဘ၊ ဝေဒနာကိုမခံစားနိုင်တဲ့ ဒေါသ စသဖြင့် ဖြစ်ပေါ်ပြီး သေပွဲဝင်၊ အပါယ်လေးပါးကို သံသရာလည်ရပါတယ်။

သေခါနီး ခံစားရတဲ့ဝေဒနာ ဆိုးကြောင့် လောဘနဲ့သေပြီး ပြိတ္တာ ဖြစ်သော်လည်း ပြုခဲ့တဲ့ဒါနအားလေး ကောင်းလွန်းတော့ ပြိတ္တာ ဖြစ်တာတောင် အလွန်တရာ ချောမောလှပတဲ့ပြိတ္တာ ဖြစ်ရတယ်။ ကာမဂုဏ်အာရုံတွေ ခံစားရတယ်။ ဒါက ကုသိုလ်ရဲ့ အထောက်အပံတွေပေါ့။ တိရိစ္ဆာန်ဖြစ်ရင်လည်း ဆင်ဖြူတော်တို့လို  ရွှေနဂါးတို့လို အကုသိုလ်မှာ ကုသိုလ်လေးနှောပြီး သူတစ်ပါးထက်တော့ သာလွန်တာပေါ့။

အကယ်၍များ ပုထုဇဉ် အရိုင်းအစိုင်းပေမယ့် ခန္ဓာငါးပါး အကြောင်းလေး လေ့လာထားပြီး ခန္ဓာရဲ့ ဖြစ်ခြင်း ပျက်ခြင်းကို ရှူ့မှတ်ဖူးလို့  အကြောင်းကြောင့် အကျိုးဖြစ်တယ် ဆိုတာလေးကို လေ့လာခဲ့ဖူးပါတယ်ဆိုရင်တော့ သေခါနီး ဝေဒနာ ခံစားရတဲ့အချိန်မှာ သတိလက်လွတ်နဲ့ လောဘတွေ ဒေါသတွေ ဘယ်လောက်ပဲ ၀င်နေပါစေ ဖြတ်ခနဲသတိရပြီး ခန္ဓာရဲ့ ဖြစ်ခြင်း ပျက်ခြင်းလေးပါလားလို့  ဖြစ်ပျက်လေး တစ်ချက်လောက် အသိဝင်လိုက်မယ်ဆိုရင်တော့ နောက်ဘ၀ဆိုတာ အပါယ်သံသရာ မဖြစ်ပဲ သုဂတိဘုံမှာ စံရမှာ သေချာပါတယ်။

ဒီ အသိတရားဟာ ပေါ့ပေါ့ တန်တန် သိထားရမယ့် အသိတရားမဟုတ်ဘူး။ တကယ်လေးလေး နက်နက် သိထားရမယ့် အသိတရားတခုပါ။ ပုထုဇဉ် အရိုင်းအစိုင်းတွေအတွက် သေခါနီးမှာ အဲ့ဒီ အသိလေးဝင်ဖို့  သိပ်ကိုအရေးကြီးလှပါတယ်။ ပုထုဇဉ် အရိုင်းအစိုင်းဆိုတာ ကိလေသာ တစ်ပါးမှ မပယ်ရသေးသူမှန်သမျှ အရိုင်းအစိုင်းတွေကြီးပါပဲ။ သူ့မှာ ငါဆိုတဲ့ အားကြီးတဲ့ သက္ကာယ ဒိဌိကြီးက ကြီးစိုးနေလို့  အရိုင်းအစိုင်းပဲ ဖြစ်နေတာပါ။

ကုသိုလ်တွေ အများကြီး ပြုလုပ်ထားပါလျှက်နဲ့ အပါယ်သံသရာ မှာကျင်လည်ရတယ်ဆိုတာ တော်တော်ကိုနစ်နာ တဲ့ကိစ္စပါ။  ကုသိုလ်လုပ်ပါလျှက်နဲ့ ကုသိုလ် အကျိုးပေးကို မခံစားရတာ ဒိဌိကြောင့်ပဲဖြစ်ပါတယ်။ ငါ လှူတယ် ဆိုတဲ့ အစွဲဟာ အကုသိုလ်ဖြစ်တယ် ဆိုတာ သိပြီး  လှူလိုက်ရတယ် ဆိုတာကိုပဲ စိတ်က ခံစားမှသာ ကုသိုလ်အပြည့်အ၀ ဖြစ်တယ် ဆိုတာကို သိထားဖို့ အရေးကြီးပါတယ်။

ဖြစ်ပျက်ဆိုတဲ့ အသိတရားကို ဆင်ခြင်နိုင်ရင် သိနိုင်ရင်  သိန်းပေါင်းမြောက်များစွာ လှူဒါန်းထားတဲ့ သူထက် သာလွန်မြင့်မြတ်တယ်ဆိုတာ  ချစ်ခင်လှစွာသော မောင်နှမများနှင့်တကွ တရားချစ်ခင် သူတော်စင်အပေါင်းတို့ကို အသိတရားတခု မျှဝေလိုက်ပါတယ်။

ဖြစ်ပျက်တို့ရဲ့ အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို အရောက်လှမ်းနိုင်ကြပါစေ

*****တတိယမြောက်သမီးတော်****


No comments:

Post a Comment